ထန်းတပင်(ရန်ကုန်) မတ် ၁၄
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်တော့မည် ဖြစ်ရာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်၊ မီးလောင်မှုများနှင့် မီးဘေးအန္တရာယ်ကြောင့် စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရေးနှင့် မြို့နယ်အတွင်း မီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို မတ်လ(၁၂)ရက် ညပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်လမ်းများတလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကလည်း ဖြေဖို့နီးကပ်လာပြီဆိုတော့ မြို့နယ်အတွင်း မီးဘေး အန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေး ကြိုတင် ကာကွယ် ဆောင်ရွက်နိုင်ရန် အတွက် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အသိပညာ ပေးနှိုးဆော်ခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအုန်းဝင်း က ရှင်းပြသည်။
ထို့သို့ အသိပညာပေး စည်းကမ်းချက်များ နှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးအုန်းဝင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများသို လှောင်ခြင်း ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်းဆေးလိပ် သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့ နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် လယ်ထဲရှိ ရိုးပြတ်များ မီးရှို့လိုပါကလည်း သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံသို့ သတင်းပေးပို့ရန်တို့ကို မြို့ပေါ် ရပ်ကွက်လမ်းများ တလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်