ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်း ကင်ဆာရောဂါ(ဒုတိယ)အကြိမ် အခမဲ့ စစ်ဆေးပေး

ကျိုက်မရော မတ် ၁၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အမျိုးသမီးများအတွက် အဓိကအရေးကြီးသော ရောဂါ တစ်မျိူးဖြစ်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါ အခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီကပြည်သူ့ဆေးရုံ လူနာဆောင်သစ်၌ စမ်းသပ်ပေးလျက်ရှိသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ စစ်ဆေးပေးခြင်းသည် မြို့နယ်တွင်ဒုတိယအကြိမ် စစ်ဆေးပေးခြင်းဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများမှ အမျိုးသမီးအယောက် (၂၀၀)ဦးခန့်အား စစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားမှု အများဆုံးရောဂါဖြစ်၍ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်းလုံးတွင်လည်း သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားပြီး အမျိုးသမီးများ နှစ်စဉ် သေဆုံးလျက် ရှိနေခြင်းကြောင့် သားအိမ်ခေါင်း ကင်ဆာရောဂါအား စောစီးစွာစစ်ဆေးသင့်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)