(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မုဒုံ မတ် ၁၄

၂၀၂၂ ခုနှစ် ၊ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံ မြို့နယ် မီတာ(၄၀၀) အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ မတ်လ(၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပခဲ့သည်။

မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ အဆင့်မီအရည်အသွေးရှိသော ထူးချွန်ထက်မြက်သည့် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်၊ တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်ရေးအတွက်  အားကစားလှုပ်ရှားမှုကို  စိတ်ပါဝင်စားလာ ရန်၊ အားကစားနည်းများအလိုက်  စိတ်ပါဝင်စားပြီး  ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်  ပြည်နယ်၏ဂုဏ်ကို  တန်ဖိုးထား ကာကွယ်ထိန်းသိမ်းတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့်  အားကစားပြိုင်ပွဲများကို ပြုလုပ် ကျင်းပပေးခြင်း ဖြစ်ကြောင်း မုဒုံမြို့နယ်  (အား/ကာ)မှူး  ဒေါ်နွယ်နီစံ ကပြောကြားခဲ့သည်။

အဆိုပါ  ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများနှင့် ဌာနဆိုင်ရာများမှ အားကစား ဝါဒနာရှင်တို့က  ကြက်တောင် ရိုက်ပြိုင်ပွဲတွင် အမျိုးသား (အလွတ်တန်း) ၇ ဦး၊ အမျိုးသမီး ( လူသစ်တန်း ၊ အလွတ်တန်း ၊ နှစ်ယောက်တွဲ ) ၁၂ ဦး၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ တွင် အမျိုးသား (၇) ဦး၊ အမျိုးသမီး (၅) ဦး၊ သဲသောင်ဘော်လီဘော ပြိုင်ပွဲတွင် အမျိုးသား (၇)သင်း၊ အမျိုးသမီး (၄)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား မော်လမြိုင်ခရိုင်(အား/ကာ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုနိုင်၊ မုဒုံမြို့မ စခန်းမှူး ဒုရဲအုပ် ဝင်းထွဋ်အောင်၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးဘုန်းမြင့်အေးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်