ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ပေါက်တော  မတ် ၁၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများ အား အဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့နယ် ကုလားချောင်း ကျေးလက်ကျန်းမာရေးဌာနစုရပ်တွင် ယမန်နေ့ နံနက် (၉)နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အဋ္ဌမအသုတ်(ပထမ)အကြိမ်ကို ယနေ့တွင် ကုလားချောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနစုရပ်၌ (၁၂၀)ဦး လာရောက်ထိုးနှံခဲ့ပြီး၊ ကျန်ရှိပြည်သူများအား သတ်မှတ်ထားသောစုရပ်များတွင် မတ်လ(၂၁)ရက်နေ့တွင် ဆက်လက်ထိုးနှံပေး သွားဖြစ်ကြောင်းသိရသည်။ တဆက်တည်းမှာပင် ပေါက်တောမြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ်(ဒုတိယ)အကြိမ်ကို မတ်လ(၁၇)ရက်နေ့တွင်လည်းကောင်း၊ သတ္တမအသုတ် (ဒုတိယ) အကြိမ်ကို မတ်လ(၂၇)ရက်နေ့တွင်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်