လွိုင်လင် မတ် ၁၃
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရှမ်းပြည်နယ်တာဝန်ခံ) ဦးသန်းစိုးဦးဆောင်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စတင်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရှမ်းပြည်နယ်တာဝန်ခံ) ဦးသန်းစိုးက မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရခြင်း အကြောင်းရင်းကို ရှင်းလင်းမှာကြားပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ ဝန်ထမ်းများ၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ ကျေးစာရေးများကို စာရင်းပြုစုရာတွင် အမှန်ကန်ဆုံး ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် တာဝန်ရှိသူများက လူဦးရေစာရင်း ရေးသွင်းပုံ နည်းလမ်းများကို Power Point ဖြင့် စနစ်တကျ ရှင်းလင်းပြသသည်။ အခမ်းအနားသို့ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းအား မတ်လ ၁၃ ရက်နေ့မှ စတင်ကာ မတ်လ ၁၅ ရက်နေ့အထိ ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)