မန္တလေး သြဂုတ် ၃၀
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လူတိုင်းဘယ်နေရာသွားသွား Mask တပ်သွားစေရန် အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့ နံနက် (၉)နာရီက သန်လျှက်မော် အနောက်ရပ်ကွက်တွင် ပြည်သူများအား Mask များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်သူများအား Mask များ အခမဲ့ ပေးဝေရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်နှင့် မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများပူးပေါင်းကာ ပြည်သူများလက်ဝယ်အရောက် Mask အခုရေ(၅၀၀၀)ကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိအဖွဲ့အစည်းများမှ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာရေးအတွက် ကြပ်မတ် ဆောင်ရွက်လျှက်ရှိပြီး အပြင်ထွက်သူတိုင်း Mask များ တပ်ဆင်ရေးအတွက်လည်း ရှောင်တခင်စစ်ဆေးပညာပေး လုပ်ငန်းများ ဆောင်ရွက်သကဲ့သို့ အခမဲ့ပေးဝေခြင်းများကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်