သထုံမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်

သထုံ မတ် ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စီစဉ်ဖွင့်လှစ်သည့် ကြပ်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၁/၂၀၂၂ ကို ယနေ့ နံနက်က စတင်ကာ အောက်ကျင်း ရပ်ကွက်၊ အုဖ္ပိုလ်တန်းလမ်းရှိ အာရဗီစာသင်ကျောင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။

သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမိုးကျော်သူက လူမှုရေးစိတ်ဓာတ်ထက်သန်သည့် နိုးကြားတက်ကြွသော မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက်လာစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်ဖြင့် စနစ်တကျ ပြုစုစောင်ရှောက်တတ်စေရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက် ပါက လူထုကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။

အဆိုပါသင်တန်းသို့ သထုံမြို့နယ်အတွင်းရှိ ရှေးဦးသူနာပြုစုခြင်းအား စိတ်ပါဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းမှ နည်းပြ ၅ ဦးတို့က နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ် ပညာများကို စာတွေ့လက်တွေ့ သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သထုံမြို့နယ်ကြက်ခြေနီ အသင်းခွဲအ‌နေဖြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂/၂၀၂၂ ကို လာမည့် အပတ်အတွင်း ဆက်လက် ပို့ချသင်ကြားပေးသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)