ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအကြောင်း ဟောပြောပွဲပြုလုပ်

ပင်လောင်း မတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ (ပင်လောင်း) ကျောင်းခန်းမ၌ သတင်းအမှား/ အမှန် ခွဲခြားသုံးသပ်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ကြီး ဦးဆလိုင်းမြင့်နိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်း နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးသက်အောင်က သတင်းအမှား/အမှန် အသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပင်လောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးထွန်းလင်းက သတင်းအမှန်/ သတင်းမှားများ၊ လုပ်ကြံ သတင်းများကို ခွဲခြားသုံးသပ်နိုင်ရန်လည်းကောင်း၊ပင်လောင်းမြို့နယ် ဥပဒေရုံး ဒုတိယဥပဒေ အရာရှိ ဒေါ်သဇင်အေးက ဥပဒေအကြောင်း သိကောင်းစရာများအကြောင်းကို လည်းကောင်း ဟောပြောပေးခဲ့ကြောင်း သိရသည်။ ထို့နောက်  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဆလိုင်းမြင့်နိုင်က အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ/ ဆရာမ များ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပြီး အခမ်းအနားကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ခွန်ရဲ (ပင်လောင်း)