မြင်းခြံမြို့နယ် ရန္တပိုကျေးရွာထွက် အိုးအမျိုးမျိုး ညောင်ဦးမြို့ဈေးကွက်သို့ ဝင်ရောက်လာ

ညောင်ဦး မတ် ၁၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဂင့်ဂဲအုပ်စု၊ ရန္တပိုကျေးရွာထွက် အိုးအမျိုးမျိုး ညောင်ဦးမြို့ ဈေးကွက်သို့ အမြောက်အများ ဝင်ရောက်လာကြောင်း ညောင်ဦးမြို့ အိုးအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ကိုင်နေသည့် ဦးနေမျိုးထံက သိရသည်။

မြင်းခြံမြို့နယ် ရန္တပိုကျေးရွာသည် အိုးလုပ်ငန်းအား ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင် လာသည့် ကျေးရွာဖြစ်ပြီး ထွက်ရှိလာသည့် အိုးအမျိုးမျိုးအား မြန်မာပြည်အရပ်ရပ်သို့တင် ပို့ရောင်းချကြ ကြောင်း၊ ရန္တပိုကျေးရွာထွက်အိုးများသည် အရည်အသွေး အင်မတန်ကောင်းမွန်ခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးမှ လူကြိုက်အလွန်များကြောင်း၊ အိုးပွဲစားများကျေးရွာ ထိလာရောက်ဝယ်ယူ ကြပြီး ပြန်လည်ရောင်းချကြကြောင်း သိရသည်။ ရန္တပိုကျေးရွာထွက် အိုးများဖြစ်သည့် နှမ်းဖတ် သောက်ရေအိုး၊ နနတ်သီးသောက်ရေအိုး၊ ဟင်းပြင်အိုး၊ နနတ်သီး သောက်ရေအိုးသေးများနှင့် ထင်းမီးဖိုများအား လုပ်ကိုင်ကြကြောင်း၊ ရန္တပိုတစ်ရွာလုံး အိုးလုပ်ငန်းလုပ်ကိုင်ကြကာ အိုးပြင်လှဲ့ (အိုးထိန်းစက်)အား လူတိုင်းလှည့်တတ်ကြောင်း၊ အိုးထွင်းလုပ်ကိုင်သူများလည်း လူတိုင်း လုပ်ကိုင်တတ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ထွေးကရှင်းပြသည်။ မြန်မာပြည်အရပ်ရပ် သို့ တင်ပို့ရောင်းချသည့် အိုးများအား ဖောက်သည်ဈေး နှမ်းဖတ်အိုးကြီးသောက်ရေအိုးတစ်လုံး သုံးထောင်ကျပ်၊နနတ်သီးအိုး သောက်ရေအိုးကြီး သုံးထောင်ကျပ်၊ နှမ်းဖတ်အိုးလတ် တစ်ထောင်သုံးရာကျပ်၊ နနတ်သီး အလတ်အိုး တစ်ထောင်သုံးရာကျပ်၊ ဟင်းပြင်အိုးတစ်လုံး ရှစ်ရာကျပ်၊ ထင်းမီးဖိုတစ်ခု ခုနှစ်ရာကျပ်ရောင်းချကြောင်း ဒေါ်ထွေးမှ ပြောကြားကာ မြင်းခြံမြို့နယ် ရန္တပိုကျေးရွာ ထွက်အိုးများ ညောင်ဦးဈေးကွက်သို့ အမြောက်အများ ဝင်ရောက်လာကြောင်း သိရသည်။

ကိုထိန်-KPD၊ ကျော်စွာ(မြင်းခြံ)