နမ့်ခမ်းမြို့၌ ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုးကျပ် (၁၄၇)သန်းကျော်ရှိ ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ် ဖျက်ဆီး

နမ့်ခမ်း မတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ  မြို့မရဲစခန်းမှ ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ထိန်းချုပ် ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်၊ မန့်ပုံကျေးရွာ ရွှေလီကြိုးတံတားအနီးရှိ တောင်ကုန်းတစ်နေရာ၌ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့၊ မြို့မရဲစခန်းမှ ၂၀၂၁ ခုနှစ်အတွင်းတွင် ဖမ်းဆီးရမိသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၃၇/၃၈ အမှုမှ သက်သေခံပစ္စည်းများဖြစ်သည့် ထိန်းချုပ်ဓာတုပစ္စည်း Dimethyl Sulfate (DNE) (၄၈၀၀)လီတာ၊ ကာလတန်ဖိုး ကျပ် (၇၂)သန်းနှင့် Theophylling (၁၈၇၅) ကီလို၊ ကာလတန်ဖိုးကျပ် (၇၅)သန်းကျော်၊ စုစုပေါင်း တန်းဖိုး (၁၄၇)သန်းကျော် မြေမြှုပ်ဖျက်ဆီးခဲ့သည်။

ဓာတုထိန်းချုပ်ပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ရဲမှူးအောင်ဇင်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်း မြေမြှုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)