မင်္ဂလာတောင်ညွန့် မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် (၉)လမ်း ခြင်းလုံးရုံ၌ ယမန်နေ့ညနေ ၃ နာရီ အချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ ဦးဆောင်မှုဖြင့်ရှေးဦး ပြုစုခြင်း အခြေခံ သင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲမှူး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ် ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ အလှူရှင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ပရဟိတ အသင်းများ၊ စိတ်ပါဝင်စားသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်အသစ် ၃၀ ဦးဖြင့် လွန်ခဲ့သော ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုလ ၁၂ ရက်နေ့တွင် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများ အားဆုများ ချီးမြှင့်ကာ သင်တန်း ဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍"ထိခိုက်ဒဏ်ရာရရှိလာသည့်အခါတွင် ဆေးခန်း၊ ဆေးရုံ၊ ဆေးအကူအညီ၊ မရနိုင် သေးသည့် အခြေအနေတွင် ကျန်းမာရေးအခြေအနေမဆိုးရွားစေရေးအတွက် ရှေးဦးစွာ ပြုစုတတ်စေရန်" ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ခြေနီအသင်း ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး (နည်းပြ) ဦးရဲနောင်နောင်က ပြောသည်။
ကျော်သူဟိန်း (ပြန်ဆက်)