လှိုင် မတ် ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကို ယမန်နေ့က အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော် က မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော "မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်" ဆောင်ပုဒ်နှင့်အညီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားပါက အဆောက်အဦအတွင်း ပိတ်မိနေသည့်လူများအား ဝင်ရောက်ကယ်ဆယ်မှုလုပ်ငန်းနှင့်ပတ်သက်၍ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ ဆောင်ရွက်မှု့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)