ရန်ကုန် မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ် ဖြစ်ပေါ် လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်မီးကတ်များ၊ ရေပုံး များ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ ရုံးဌာနများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာ ဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ဒီဇင် ဘာလအထိ မီးလောင်မှုအကြိမ်ရေ (၅)ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် တစ်ကြိမ်၊ မသမာသူများကြောင့် (၄)ကြိမ် ဖြစ်ပေါ်ခဲ့ကာ ဆုံးရှုံးမှုးတန်ဖိုး ငွေကျပ် (၈.၅၅)သန်းခန့်အထိရှိခဲ့တာကြောင့် ယခုနှစ်အတွင်း၌ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)