ထန်းတပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်

ထန်းတပင်(ရန်ကုန်)၊ မတ်လ၁၂       

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း မီးဘေးအန္တရာယ် လုံခြုံစိတ်ချစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်နှင့် စာစစ်ဌာန များတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)၊ အ.ထ.က (လှည်းဆိပ်)နှင့် အ.ထ.က(ကျူတော)ကျောင်းစာစစ်ဌာန (၃)ခုတို့အား မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လိုက်လံ စစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင်လည်း စာစစ်ဌာန ပတ်ဝန်းကျင်များတွင် အမှိုက်သရိုက်များ ရှုပ်ပွနေမှုများ ရှိ/မရှိ၊ ကျောင်းရှိ မီးသတ်ဆေးဘူးများ အသင့်အနေအထားဖြင့် အသုံးပြု နိုင်ခြင်း ရှိ/မရှိ၊ ကျောင်းရှိရေကန်များ ရေဖြည့်တင်းဆောင်ရွက်ထားရှိမှုများ ရှိ/မရှိနှင့် လိုအပ်သော မီးငြှိမ်းသတ်ရေးဆိုင်ရာ အစီအမံများအား ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ အခြေခံပညာ အထက်တန်းကျောင်း (၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၈)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြမည် ဖြစ်ကြောင်း သိရပြီး ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၄၂)ဦးထိရှိကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)