ချောင်းဆုံတွင် စားသုံးဆီဖူလုံရေးအတွက် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာစိုက်ဧက (၃၁၀၀) စိုက်ပျိုးရန်လျာထား

ချောင်းဆုံ မတ် ၁၁

မြို့နယ်အတွင်း စားသုံးဆီဖူလုံမှုတိုးတက်စေရေးအတွက် လာမည့်နှစ်တွင် ဆီထွက်သီးနှံ နေကြာ စိုက်ဧက(၃၁၀၀)တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်ထားကြောင်း၊ စိုက်ပျိုးလိုသည့် တောင်သူ များအား မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးနည်းပညာများ ရရှိရေးတို့အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အတွင်း ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံ နေကြာစိုက်ဧကများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် မော်လမြိုင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းအောင်သန်းနှင့် ဝန်ထမ်းများ မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များတို့ ပူးပေါင်းကာ ယမန်နေ့က ချောင်းဆုံမြို့နယ် ကုလားဘီ ကျေးရွာရှိ ဆီထွက်သီးန နေကြာ စိုက်ပျိုးမြေများသို့ ကွင်းဆင်းပြီး ပညာပေးစည်းရုံးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ မြို့နယ်စိုက်ပျိုးရေးဦးစီး မှူးတို့က ကုလားဘီကျေးရွာရှိတောင်သူ ဒေါ်စန်းစန်းအေးပိုင်ဆိုင်သည့် စိုက်ပျိုးမြေများ၌ သီးညှပ် စိုက်ပျိုးထားသော နေကြာ(၁၀)ဧက၊ စိုက်နည်းစနစ်စံပြကွက်အား ကွင်းဆင်းကြည့်ရှုပြီး တောင်သူ များအား ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး ပညာပေးခြင်း၊ စိုက်ဧကများကို တိုးချဲ့ စိုက်ပျိုးနိုင်ရေး စသည်တို့ကို ပညာပေးဆွေးနွေးကာ စည်းရုံး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)