ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် မီးဘေးအန္တ ရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် “ ဒဂုဏ်ညွန့်စျေးအတွင်း စျေးရောင်းချသူများအနေဖြင့် လျှပ်စစ်မီးပြတ်တောက်ချိန်များတွင် ဖယောင်းတိုင်မီးထွန်းခြင်း၊ ဖယောင်းတိုင်မီးများ အသုံးပြု၍ ပစ္စည်းများထုပ်ပိုးခြင်း၊ အမွှေးတိုင်/ ခြင်ဆေးခွေမီးများ ထွန်းညှိသုံးစွဲခြင်း၊ သီးခြားခွင့်ပြုချက်မရှိဘဲ မီးသုံးစွဲ၍ ချက်ပြုတ်စားသောက်ခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ” စသည်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေရေး၊ စျေးအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်းအိုမီခရွန် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်နေသလို နွေရာသီကာလ၌ အဆိုပါဒဂုဏ်ညွန့်စျေးအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ် စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)