ရေးမြို့နယ် အဏ္ဏဝါကားဝန်းရှိ အဝေးပြေးမော်တော်ယာဉ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

​ရေး မတ် ၁၁

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်သိရိနန္ဒာရပ်ကွက် အဏ္ဏဝါအ​ဝေး​ပြေးကားဝန်းရှိ အဝေး​ပြေး​မော်ယာဉ်များအား ပူပြင်းခြောက်​သွေ့သည့် ​နွေရာသီသို့ ​ရောက်ရှိလာပြီဖြစ်၍ ခရီးသွား ပြည်သူများ စိတ်​အေးချမ်းသာစွာ ခရီးသွားလာနိုင်​ရေးအတွက် ​မော်တော်ယာဉ်များအား မီး​ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်​ရေးအတွက် တာဝန်ရှိသူများမှ ယ​နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်​ဆေး ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်​ဆေး ​ဆောင်ရွက်ခြင်းကို မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးရဲနီလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်နှင့် တပ်ဖွဲ့ဝင် များ၊ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်​ရေး​ ကော်မတီအဖွဲ့ဝင်များ လိုက်ပါ၍ အဏ္ဏဝါ အ​ဝေး​ပြေးကားဝန်းရှိ Express မော်တော်ယာဉ်များ​ပေါ်တွင် မီးလောင်မှုမဖြစ်ပွားစေရန်အတွက် ယာဉ်များပေါ်တွင် မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကားအင်ဂျင်ခန်းများအား စစ်ဆေးခြင်း၊ သတ်မှတ်မိုင်နှုန်းများအတိုင်း ​မောင်းနှင်ကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို စနစ်တကျလိုက်နာကြရန်နှင့် ​တရားမဝင်ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ‌ကို ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ခင်သိမ့်သိမ့်ရည်