ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံ  မတ်  ၁၁

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့က မြို့လယ်ကျောက်တိုင်နှင့် အသွားအလာများသည့်နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ကျိုင်းတုံမြို့၊ အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကြည်စိုးနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်နှင့် ဆိုင်ကယ်စီးနှင်းသူများအား ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မှီသော ဆိုင်ကယ်ဦးထုပ်ဆောင်ရန်နှင့် မေးသိုင်းကြိုး စနစ်တကျတပ်ဆင်ကြရန်၊ နှစ်ယောက်ထက်ပိုပြီး တင်ဆောင်း မောင်းနှင်ခြင်းမပြုရန်၊ လက်ကိုင်ဖုန်းပြောပြီး ယာဉ်/ဆိုင်ကယ် မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်ရှေ့မီးဖွင့်ပြီး မောင်းနှင် ကြရန်၊ ကားမောင်းလျှင် မောင်းနှင်သူနှင့် ယာဉ်ပေါ်လိုက်ပါသူများ ထိုင်ခုံခါးပါတ် ပါတ်ပြီး မောင်းနှင်ကြရန်၊ အဝိုင်းပတ်ယာဉ်အား ဦးစားပေးရန်၊ လမ်းမကြီးယာဉ်အား ဦးစားပေးရန်၊ ယာဉ်များတွင် ပါဝါအိပ်ဇော တပ်ဆင် မောင်းနှင်ခြင်းမပြုရန်၊ သဲ/ကျောက်/မြေသယ်ယာဉ်များ၊ အမိုးအကာ လုံခြုံစွာအုပ်၍ မောင်းနှင်ရန်နှင့် အရှိန်ပြင်း မောင်နှင်ခြင်းမပြုရန်၊ အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊  ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ လက်အချက်ပြ များအား စနစ်တကျ သိရှိ လိုက်နာရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ရန် ကြတ်မတ် စစ်ဆေး အသိပညာပေးပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေး အပတ်စဉ် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)