ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/ နှာခေါင်းစည်း ( Mask ) များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင် များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေးလှုပ်ရှားမှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက် ဝယ်ယူကြသူများ၊ လမ်းသွား လမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း / စျေးဝယ်ပြုလုပ်ကြရာတွင် နှာခေါင်းစည်း ( Mask ) နှင့် မျက်နှာကာ (Face shield)များ တပ်ဆင် ပြီးမှ စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာ စားသောက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများအား အမြန်ဆုံး ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြ ကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မတ်လ(၁၁)ရက်နေ့အထိ မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၂၉၅)ဦး အထိရှိပြီး ရောဂါကြောင့် လူ(၃)ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည့်အပြင် ယခုအခါ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာ သည့်အခါ ပါးစပ် / နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်မှုများ လျော့နည်း လာသည့် အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/ နှာခေါင်းစည်း ( Mask ) စနစ်တကျတပ်ဆင်စေရေး အသိပညာပေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
နိုင်လင်းအောင်