မြေပုံမြို့၌ အသက် ၁၈ နှစ်အထက် ဘင်္ဂါလီလူမျိုး ၅၀၀ ဦး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

မြေပုံ မတ် ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ တောင်ပေါ်ရပ်ကွက်ရှိ အသက် ၁၈ နှစ်နှင့်အထက် ဘင်္ဂါလီလူမျိုး ၅၀၀ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီက  ဆေးထိုးသတ်မှတ် စုရပ်အသီးသီးတွင် စနစ်တကျ  စတင်ထိုးနှံပေးကြကြောင်း သိရသည်။

ထို့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင်  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်း ဦးဆောင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျန်းမာရေးဝန်ထမ်းက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာခြင်း စသည့်တို့ကို ကျန်းမားရေး စစ်ဆေးမှုများ ပြုလုပ်ပေးကြပြီးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စနစ်တကျထိုး နှံပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် လာကြသည့်သူများအား ဌာနဆိုင်ရာများက  လိုအပ်သည်များ ပူးပေါင်း ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)