မိုင်းယု မတ် ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask Campaign) ပြုလုပ် ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဝင်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် နှာခေါင်းစည်း (Mask)တပ်ဆင်ရေးဆော်ဩ ပညာပေးစစ်ဆေးရေးအဖွဲ့ခေါင်ဆောင် အထက(မိုင်းယု) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်း ဦးဆောင်သည့်အဖွဲ့(၁)က နှာခေါင်းစည်းမတပ်ဘဲ သွားလာ ကြသည့် ကုန်တင်ယာဉ်နှင့် လိုင်းကားမောင်းနှင်သူများ၊ ဈေးရောင်း၊ဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့မှ နံနက်ပိုင်းတွင် (Mask)တပ်ဆင်ရေး ဆော်ဩပညာပေးစစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့၊ နေ့လည်ပိုင်းတွင် ဈေးဆိုင်များစစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့နှင့် ညပိုင်းတွင် စားသောက်ဆိုင်များ စစ်ဆေးမှုကြီကြပ်ရေးအဖွဲ့ဟူ၍ အဖွဲ့သုံးဖွဲ့ခွဲကာ တစ်ပတ်လျှင်နှစ်ကြိမ် ရှောင်တခင် စစ်ဆေး နေလျက်ရှိကြောင်းနှင့် အလားတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အသိပညာပေး နှိုးဆော်ခြင်းကို လည်း တစ်ပတ်လျှင် တစ်ကြိမ် ကွင်းဆင်းနှိုးဆော်ပေးနေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)