မိုင်းယန်း မတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး မွန်းမံသင်တန်းဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းယန်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်က ဝန်ထမ်းများအနေဖြင့် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ အချိန်နှင့်တပြေးညီပြီးမြောက်စေရန်နှင့် အများပြည်သူလူထုသို့ ဌာနမှ ဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများကို ပိုမိုကောင်းမွန် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး မွန်းမံသင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် စီမံရေးရာနှင့် လယ်စီအင်းအဆင့်ဆင့်လုပ်ငန်းဆိုင်ရာများ၊ မြေယာလုပ်ငန်းနှင့် ကြေးစီလုပ်ငန်းဆိုင်ရာများ၊ မြေတိုင်းပုံနှိပ် ဘာသာရပ်နှင့် စာရင်းအင်းဆိုင်ရာများနှင့် ငွေစာရင်းဆိုင်ရာများ စသည်ဘာသာရပ်များကို ဖွင့်လှစ်ပို့ချ ပေးကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၄)ဦးတို့က သင်တန်းကာလ(၇)ရက် ဖွင့်လှစ်ပို့ချ ပေးသွား မည်ဖြစ်ပြီး မိုင်းယန်း မြို့နယ်နှင့် မိုင်းခတ်မြို့နယ်ရုံးတို့မှ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဝန်ထမ်း(၂၈)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)