သီပေါ မတ် ၁၁
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ “ စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးပွဲ (Talk Show)တွင် စာရေးဆရာ ဇာဏီဟိန်း(သီပေါ) က ဆွေးနွေးရာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများစွာရှိသည့်အထဲမှ အဓိကကျသော အကြောင်းအရာများဖြစ်သည့် စိတ်ဓာတ်ကိုလှုံ့ဆော်ပေးခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ်မြင့်မား လာခြင်း စသည့်အကြောင်းအရာများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးကအတွေးအခေါ်အားကောင်းစေခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ စာပေအရေးအသားကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ ဗဟုသုတ အတွေ့အကြုံရရှိစေခြင်း၊ တီထွင်ကြံဆမှု အားကောင်းစေခြင်း၊ စိတ်ဓာတ်နူးညံ့သိမ်မွေ့စေခြင်း စသည့်အကြောင်းအရာများကိုလည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)