နမ္မတူတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးငယ် စုစုပေါင်း ၉၉၇ ဦးအား ၂၀၂၁-၂၀၂၂ (၆)လဘတ်ဂျက် ပထမသုံးလပတ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်

နမ္မတူ  မတ် ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရပြည့်ဝရန်နှင့် မွေးဖွားလာသော ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေး (၄)ရပ်နှင့်အညီ ကာယ၊ ဉာဏ၊ စာရိတ္တ စိတ်လှုပ်ရှားမှု၊ ခံစားမှုပိုင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အသက်အရွယ်အလိုက် စနစ်တကျ နည်းလမ်းမှန်ကန်စွာရရှိနိုင်မှုအတွက် ကလေးသူငယ်၏ ရှေးဦးဘဝ ရက်ပေါင်း (၁၀၀၀)အတွင်း အာဟာရပြည့်ဝမှုမှ အရေးကြီးသောအချက်ဖြစ်ပြီး ကောင်းမွန်သော ပတ်ဝန်းကျင်မှ အန္တရာယ်ကင်းစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ (၆)လ ဘတ်ဂျက် ပထမသုံးလပတ်အတွက် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန ၏    ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ပိုးမဉ္ဇူနှင့် တာဝန်ရှိသူများက မြို့ပေါ် ရပ်ကွက် (၂)ခုနှင့် ကျေးရွာအုပ်စု (၂၁)အုပ်စုတို့မှ ကိုယ်ဝန် (၂)လရှိသည့် ကိုယ်ဝန်ဆောင် မိခင် (၁၀)ဦး၊ ကိုယ်ဝန် (၃)လရှိသည့် ကိုယ်ဝန်ဆောင်မိခင် (၃၉)ဦး၊ ကိုယ်ဝန် (၄)လနှင့်အထက် ရှိသည့် ကိုယ်ဝန်ဆောင်မိခင် (၅၉၇)ဦး၊ အသက် (၂)နှစ်အောက်ကလေးငယ် (၃၅၁)ဦး စုစုပေါင်း (၉၉၇)ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၄၃၉၈၀၀၀၀)ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ/ စာရေးဝန်ထမ်းများမှ တစ်ဆင့်ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများမှာ နိုင်ငံတော်အစိုးရမှ ၂၀၂၁-၂၀၂၂ (၆)လဘတ်ဂျက် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃)လအတွက် ကိုယ်ဝန် (၂)လရှိသူ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၅၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကိုယ်ဝန် (၃)လရှိသူ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကိုယ်ဝန် (၄)လနှင့် အထက်ရှိသူနှင့် အသက် (၂)နှစ်အောက် ကလေးငယ်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၄၅၀၀၀)ကျပ်နှုန်းဖြင့် လည်ကောင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ပိုးမဉ္ဇူကထံက သိရသည်။

လူမော် (ပြန်/ဆက်)