မင်္ဂလာဒုံ မတ် ၁၁
ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးအတွက် မင်္ဂလာဒုံမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးတို့အတွက် မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်၍ မီးသတိပေး၊ နိူးဆော်ခြင်းများအား ယမန်နေ့ည (၉)နာရီ အချိန်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ယင်းသို့ လူထုအသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ခိုင်နှင့် ဒု-မီးသတ်ဦးစီးမှူး ဦးညီညီအောင် ဦးဆောင်သော မီးသတ် တပ်ဖွဲ့များက ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် မီးဘေး လုံခြုံရေး အတွက်သတိပြုနေထိုင်ကြရန်၊ မိမိတို့၏နေအိမ်များတွင် မီးကပ်၊ မီးချိတ်၊ ရေပုံးများထားရှိရန်၊ မီးကြွင်း မီးကျန်များမထားရှိရန်၊ လျှပ်စစ်မီးအား ဂရုတစိုက်စနစ်တကျသုံးစွဲကြရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ သိရှိလေ့လာထားရန်၊ အရေးပေါ်မီးငြိမ်း သတ် နည်းများသိရှိလိုက်နာကြရန်နှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ဆက်သွယ်ရမည့် မြို့နယ်မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်များအား ကြေငြာဆောင်ရွက်ခြင်း များနှင့် မီးဘေးအသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။
မင်္ဂလာဒုံမြို့နယ် မီးသတ်ဉီးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ အဓိကရည်ရွယ်ချက် (၄) ရပ်ဖြစ်သော ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြု ဆောင်ရွက်ရေးစသည့် လုပ်ငန်းများအား မင်္ဂလာဒုံမြို့ပေါ်ရှိ ရပ်ကွက်များအပြင် အနီးအနားကျေးရွာများအထိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
သန္တာ