မင်္ဂလာဒုံ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် လူမှုကူညီရေးအသင်းများမှ ပရဟိတလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက်၁၈နှစ်အထက်မှ အသက်၅၀နှစ်အထက် ပြည်သူများအား Sputnik Light ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေး Sputnik Light ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်၁၈နှစ်အတွင်းမှ ၅၀နှစ်အထက် ရပ်ကွက်နေပြည်သူများထဲမှ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသည့်သူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီးနောက် ခြောက်လပြည့်ပြီးသည့်သူများကိုသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရာ ဆေးထိုးစုရပ်ဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေးကော်မတီမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ၏ လိုအပ်ချက်များမေးမြန်းကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူအမျိုးသား(၂၇၃)ဦး၊ အမျိုးသမီး(၃၇၂)ဦး စုစုပေါင်း(၆၄၅)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန္တာ