ဟဲဟိုး မတ် ၁၀
၂၀၂၂ ခုနှစ်၊ စိုက်ပျိုးရေးသိပ္ပံ၊ ဟဲဟိုးမြို့၏ ဆဌမအကြိမ်၊ စိုက်ပျိုးရေးသိပ္ပံ၊ ဒီးမော့ဆို၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းခြင်းကို ယနေ့နံနက် (၉)နာရီ က ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျောင်းအုပ်ကြီးနှင့်တကွ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်တီးလုံးနှင့် နေရာယူပြီးအခမ်းအနားကို အမျိုးသားသီချင်းတီးလုံးဖြင့် ဖွင့်လှစ်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းအား သီးနှံအထူးပြု စိုက်ပျိုးရေး (၂)နှစ်သင်တန်းအဖြစ် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၂၇)ရက်မှ စတင်၍ စိုက်ပျိုးရေးဒီပလိုမာ (၃)နှစ်သင်တန်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၁၆)ရက် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုဆိုရင်စိုက်ပျိုးရေးသိပ္ပံ၊ ဟဲဟိုးမှစိုက်ပျိုးရေး ဒီပလိုမာရရှိပြီးသူ ဦးရေ(၆၅၈)ဦးရှိပြီး ဒီးမော့ဆိုစိုက်ပျိုးရေးသိပ္ပံကို (၂၀၁၄)တွင် စတင်၍ စိုက်ပျိုးရေးသိပ္ပံကျောင်းဖွင့်လှစ်ခဲ့ပြီး ဒီပလိုမာရရှိပြီးဦးရေ (၂၉၀)ဦး ရှိပြီဖြစ်ကြောင်း၊ မောင်တို့မယ်တို့စိုက်ပျိုးရေးနည်းပညာများကို စာတွေ့၊ လက်တွေ့ လေ့လာသင်ယူဆည်းပူးပြီးဖြစ်၍ မိမိဒေသမှာဖြစ်စေ၊ ရောက်ရှိရာမြို့ရွာများမှာဖြစ်စေ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် တောင်သူလယ်သမားများ၏ မိသားစုဝင်ငွေတိုးတက်ပြီး လူနေမှုဘဝမြင့်မားရန် ကိုယ်ပိုင်စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေရန် စိုက်ပျိုးရေးနည်းပညာများ စဉ်ဆက်မပြတ် လေ့လာပြီး ပိုမိုဆန်းသစ်သည့်နည်းပညာများဖြင့် စွမ်းစွမ်းတမံဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ကျောင်းအုပ်ကြီး ဒေါ်စုစုထွေး မှ ဒီပလိုမာအပ်နှင်းပွဲကျင်းပခြင်းကို ကြေငြာပြီး ဒီပလိုမာရရှိမည့် မောင်မယ်များအား ဒီပလိုမာလက်မှတ်ပေးအပ်ကာ ဒီပလိုမာမောင်မယ်များအား ဝတ်ရုံဝတ်ဆင်ခွင့်ပြုပြီး အဝေးရောက်ဒီပလိုမာယူမည့် မောင်မယ်များအား ဒီပလိုမာ အပ်နှင်းကြောင်း ကြေငြာ၍ တန်းစဉ်ပေါင်းတွင် ထူးချွန်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး တို့က ဆုများချီးမြှင့်ပေးကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုထွေးမှ မိန့်ခွန်းပြောကြား၍ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြပြီး ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲသဘင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါဒီပလိုမာဘွဲ့နှင်းသဘင် ပေးအပ်ပွဲတွင် ဟဲဟိုးမှတက်ရောက် (၃၀)ဦး၊ အဝေးရောက် (၆)ဦး၊ ဒီးမော့ဆိုမှ တက်ရောက်(၁၇)ဦး၊ အဝေးရောက်(၇)ဦးရှိကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းချယ်ရီတောင်တန်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းသား အိပ်ဆောင် နှစ်ထပ်ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အဆောက်အဦ တည်ဆောက်မည့်နေရာဖောင်ဒေးရှင်အတွက် မြေတူးယူနေမှုကိုကြည့်ရှု၍ ဟဲဟိုးစိုက်သိပ္ပံကျောင်းအတွင်း ငါးကန်တူးဖော်မည့်နေရာအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟဲဟိုးစိုက်သိပ္ပံကျောင်းအတွင်း၌ ဥစားကြက်အကောင်ရေ (၅၀၀)၊ နို့စားနွား (၅)ကောင်၊ အသားစားနွား (၅)ကောင်၊ ဝက် (၁၀)ကောင်၊ ဆိတ် (၁၃)ကောင် အသားတိုးကြက် (၅၀၀)မွေးမြူထားကြောင်းနှင့် ဥစားကြက်မှာတစ်ရက်လျှင် ဥနှုန်း (၄၀၀)ဝန်းကျင်ခန့် ထွက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)