ကလောမြို့နယ်၌ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး နှိုးဆော်

ကလော  မတ်  ၁၀

ယခုအခါ ရာသီဥတုပူပြင်းသော  နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသောကြောင့်  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်း က မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းလှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ် မီးသတ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း  (၁၁) ရပ်ကွက်အတွင်း ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ရာတွင်  မိမိတို့နေ အိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်များအား ရှင်းလင်းထားရန်၊ မီးဖိုများကို လုံခြုံစိတ်ချရအောင် သွပ်ပြားများကာ ရံအသုံးပြုကြရန်၊ မီးဖိုအနီးတွင်လောင် စာပစ္စည်းများ မထားရှိရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီး နှင့် ခြင်ဆေးခွေမီးများကို မီးမလောင်စေနိုင်သည့် ပစ္စည်းများပေါ်တင်၍ အသုံးပြုကြရန်၊ မီးဖိုမီးနှင့်အခြားမီးများ အသုံးပြုလျှင်လည်း သတိနှင့်အသုံးပြုကြရန်၊ အသုံးပြုပြီးလျှင် သေချာစွာငြိမ်းသတ်ခဲ့ရန်၊ လျှပ်စစ်မီးအသုံးပြုပါက ပျက်စီးယိုယွင်းနေသော မီးဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် ပစ္စည်းများကို အသုံးမပြုကြရန်၊ လျှပ်စစ်မီး အသုံးပြုပြီးလျှင် မီးခလုတ်၊ မီးပလပ်များပိတ်ရန် ဖြုတ်ရန် အပြင်ထွတ်သည့် အချိန်တွင် မိမိတို့နေအိမ်၌အသုံးပြုသည့် မီးများကို သေချာစွာစိစစ်ပြီးမှ သွားလာကြရန် သက်ကြီးရွယ်အိုများ ကလေးသူငယ်များအား မီးကိုအသုံးမပြုစေရန်၊ မီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ်၊ ရေပုံး သဲပုံးများ အသင့်ထားရှိရန်၊ လောင်စာဆီများ စည်းကမ်းမဲ့ သိုလှောင်အသုံးပြုခြင်း ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ဖုန်း ၁၉၁၊ ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့ မီးသတ်စခန်းသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းစသဖြင့် လိုက်လံဆော်သြပေးခဲ့သည်။ 

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရေး လောင်စာဆီဆိုင်များ စစ်ဆေးခြင်း၊ ဈေးများတွင် မီးသုံးစွဲမှုများအားစစ်ဆေးဆောင်ရွက်ခြင်း လက်တွေ့သရုပ်ပြအသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)