နောင်တရားမြို့၌ ပအိုဝ်းအမျိုးသားနေ့ ကျင်းပရန် ကြိုတင်ပြင်ဆင်

နောင်တရား   မတ် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ စန္တားခမ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်း၌ ပအိုဝ်း အမျိုးသားနေ့ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်လျက်ရှိသည်။

 တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်အတွက်  သံဃာတော်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူငယ်များနှင့် ဒေသခံများက ကွင်းပြင်ဆင်ခြင်း၊ လမ်းပြင်ဆင်ခြင်းနှင့် ဘောလုံး ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုရရှိသည့် ပြိင်ပွဲဝင်အသင်းများကို ဆုချီးမြှင့်ရန် ပြင်ဆင်ခြင်း၊ ပအိုဝ်း အမျိုးသားနေ့တွင် ဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ၊ ငွေပဒေသာ ပင်များ ဆပ်ကပ်လှူဒါန်းနိုင်ရန်အတွက် ပြင်ဆင်ခြင်းနှင့် ပအိုဝ်းရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါပအိုဝ်းအမျိုးသားနေ့ကို ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၂၄)အုပ်စုမှ ပအိုဝ်းတိုင်းရင်းသားများက ပူးပေါင်း ပါဝင်ဆင်နွဲကြပြီး တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို စန္တားခမ်းဘက်စုံ ဖွံ့ဖြိုးရေး ကွင်းတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင့် သိရသည်။

 ခွန်အောင် (နောင်တရား)