မိုးနဲ မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းသံဃအဖွဲ့ချုပ်မှ ကြီးမှူး၍(၃၈) ကြိမ်မြောက် ပရိယတ္တိသဓ္ဓမ္မပါလစာပွဲတော် စာဖြေသံဃာဆုနှင့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်မှ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင် သူမြတ်တို့အား ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီ အချိန်က နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော် ဘုန်းတော်ကြီးကျောင်းတိုက်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းသံဃအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ပရိယတ္တိသဓ္ဓမ္မပါ လစာပွဲတော်ကို ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့ကြ ကာ မတ်လ ၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ရှင်သာမဏေ ၁၈၂ ပါးမှ ဖြေဆိုခဲ့ကြရာ ရှင်သာမဏေများကို စာဖြေဆုဆက်ကပ်ခြင်းနှင့် ၂၀၂၁ ခုနှစ်တွင် ဖြေဆိုခဲ့သည့် မြန်မာနိုင်ငံ တော်မှ ချီးမြှင့်ခြင်းခံရသည့် သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ် (၅) ပါးကို တစ်ပါးလျှင် ၃သိန်းကျပ် နှင့် ဆုတံဆိပ်တော်များကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ရွှေကျောင်းတော် ကျောင်းထိုင်ဆရာတော်နှင့် ဘွဲ့တံဆိပ်တော်ရ သံဃာတော်များ၊ ကြီးကြပ်ကိုတော်များ၊ စာဖြေကိုယ်တော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)