ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ဟောင်ဟင်ကျေးရွာ၌ ဒေသထွက်ရှမ်းစက္ကူများ ပုံမှန်ပြုလုပ်ပြီး အရောင်းအဝယ်တွင်ကျယ်

မိုင်းဖြတ် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်၊ ဟောင်ဟင်ကျေးရွာတွင် ဒေသထွက် ရှမ်းစက္ကူများ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေများရရှိပြီး အရောင်းအဝယ် တွင်ကျယ်လာကြောင်း  ရှမ်းစက္ကူပြုလုပ်ရောင်းချသူ တစ်ဦးထံက သိရသည်။

အဆိုပါ ရှမ်းစက္ကူပြုလုပ်ရောင်းချခြင်းနှင့် စပ်လျဉ်းပြီး ဟောင်ဟင်ကျေးရွာမှ ဒေါ်နန်းအွေ့ ကစက္ကူပြုလုပ် ဖို့အတွက် တောတောင်များမှာ သဘာဝအလျှောက် ပေါက်ရောက်တဲ့ ရှမ်းစက္ကူပင်(ခေါ်) ကြေစာသစ်ပင်က သစ်ခေါက်နဲ့ပြုလုပ်တာပါ၊ သစ်ခေါက်အစို တစ်ပိဿာ ကျပ်(၂၀၀၀)နဲ့ ဝယ်ပြီးပြုလုပ်တာဖြစ်ပါတယ်၊ တစ်ချို့ကြ ကိုယ်တိုင်သစ်ပင်ကနေခွာပြီး ပြုလုပ်ကြပါတယ်၊ ပြုလုပ်ပုံကတော့ ခြောက်နေအောင်နေလှန်းရပါတယ်၊ နေလှန်းပြီးသား သစ်ခေါက်များကို ၃ နာရီခန့်ပြုတ်ပြီး   ကြေမွနေအောင်ထုရပါတယ်။ ထုလို့ရရှိလာတဲ့ သစ်ခေါက်များကို မိမိတို့ပြုလုပ်မယ့် စက္ကူချပ်ရဲ့ အထူအပါးပေါ်မူတည်ပြီး အနေတော်လုံး ထားရပါတယ်။  လုံးထားတဲ့ သစ်ခေါက်အလုံးတွေကို ယခုလိုရေအတွင်းမှာ လက်နဲ့အဆင့်ဆင့် ပြုလုပ်ရပါတယ်၊ လုပ်ပြီးသားစက္ကူချပ်အစိုကို တစ်နေ့တာ နေလှန်းပြီး လက်နဲ့ခွာယူကာ စက္ကူချပ်ကိုရရှိလာတာဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

အဆိုပါရှမ်းစက္ကူပြုလုပ်ရာတွင် သစ်ခေါက်အစို တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ဝယ်ရပြီး တစ်ပိဿာလျှင် စက္ကူချပ်ရေ (၇၅)ချပ်ကနေ (၇၆)ချပ်ရရှိကာ ဒေသဈေးကွက်နဲ့ (၄၆၀၀)ကျပ်ရရှိပါကြောင်း၊ ပုံမှန်အားဖြင့် တစ်နေ့လျှင် စက္ကူချပ်ရေ (၂၅၀)ချပ်အထိ ပြုလုပ်နိုင်ပါက မိသားစုဝင်ငွေ (၁၅၀၀၀)ကျပ်ခန့် ရရှိကြောင်း သိရသည်။

ရှမ်းစက္ကူများကို ဘာသာရေးပွဲတော်များ၌ လည်းကောင်း၊  ပုရပိုက်များရေးသားရာတွင် လည်းကောင်း၊ မီးပုံးများပြုလုပ်ရာတွင် လည်းကောင်း၊  အမျိုးမျိုးအသုံးပြုကြသည်။ ယခုအခါ ရှမ်းတိုင်းရင်းသားတို့၏ ဘာသာရေး အလှူပွဲတော်များ၊ ရှင်ပြုပွဲများ ကျင်းပသည့် ကာလဖြစ်သည့်အတွက် အရောင်းအဝယ် ပိုသွက်လာကြောင်း သိရသည်။

သန်းထွန်းအေး