သီပေါ မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ပထမသုံးလ ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များ(MCCT)အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေး ငယ်များသေဆုံးမှုနှုန်း လျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝ သည့် အစားအစာများ စားသုံးနိုင်စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် နာတာရှည်ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျစေရန်၊ မိသားစုစီးပွားရေးထိခိုက်မှု လျော့နည်း သက်သာစေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်းရတနာများ ပေါ်ထွန်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပြီး ထောက်ပံ့ပေး အပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအုပ်စု(၂၆)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်(၁၄၃၆)ဦးနှင့် အသက်(၂)နှစ် အောက် ကလေးငယ်(၆၁၂)ဦး (MCCT)အကျိုးခံစားခွင့်ရှိသူ လူဦးရေ(၂၀၄၈)ဦးအတွက် စုစုပေါင်းငွေကျပ် (၉၀၀.၄၅)သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူးဒေါ်စန်းစန်းသွယ်တို့က ပေးအပ်ရာသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ခံရရယူခဲ့ကြသည်။
သီပေါမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၆)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ ကြေးပေးအပ်ခြင်းကို၂၀၂၂ခုနှစ်၊ မတ်လ (၉)ရက်နေ့ မှ (၁၁) ရက်နေ့အထိ (၃)ကြိမ်ခွဲ၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)