ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းဖွင့်လှစ်

ပျဉ်းမနား မတ် ၁၀

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်း သင်တန်းဖွင့်ပွဲအခမ်းကို ယနေ့ နံနက် (၉) နာရီတွင် အဆိုပါဌာန၌ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် က အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒက္ခိဏခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင် က သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) များတွင် ပြည်သူများအတွက် အကျိုးပြုစေမည့် ဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အထောက်အကူပြုသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ အစည်းအဝေးဆွေးနွေးပွဲများနှင့် ပြပွဲ/ပြိုင်ပွဲ များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ လူငယ်များအတွက် လက်တွေ့နယ်ပယ်တွင် အမှန် တကယ်အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်နိုင်စေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ အခြေခံ မိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်းများကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် မိုဘိုင်းဖုန်းနှင့်ပတ်သက်၍ ပျက်စီးမှုများသည့် အစိတ်အပိုင်းများပြုပြင်ခြင်းနှင့် Hardware, Software ပိုင်းဆိုင်ရာနည်းပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး ဌာနအတွင်းရှိ ဝန်ထမ်း(၇)ဦးတက်ရောက်လျက်ရှိကာ သင်တန်းကာလ ရက်(၂၀)ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းများနှင့်အညီ သင်တန်းသားများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ခန့်ဝင်းကျော်(မြို့နယ်ပြန်/ဆက်)