ကော့မှူး မတ် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေနံနက် ၉နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က အသက်အရွယ်အလိုက် စာအုပ်စာစောင်များ ဖတ်ရူလေ့လာပြီးဗဟုသုတ အတွေးအမြင် အသစ်များရရှိစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရူတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင် ဒေါ်ခင်ထွေးရီ က ဒေါက်တာကျော်စိန်ရေးသားသည့် “လူငယ်လမ်းညွှန်”စာအုပ်မှ အဟာရနှင့်ကိုယ်လက်လှုပ်ရှားမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစံသိန်းမှ ထိရောက်သော စာပေလေ့လာနည်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကိုမြတ်သူက သင်ယူရမည့်အရာနှင့် သင်ယူနည်းခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းမှ အဖွဲ့ဝင် ဒေါ်ခင်ထွေးရီက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)