နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး

နမ္မတူ မတ် ၁၀       

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေး လျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် Sinovac အမျိုးအစား    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် နမ္မတူမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ်အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ (၉)ရက်နေ့ မှ ဇန်နဝါရီလ (၃)ရက်နေ့အတွင်း ပထမအကြိမ်ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ်လည်းကောင်း Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန်လာ ရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၉၄၇၆ ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၂ ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၃၈၅၀ဦး နှင့် ကျောင်းသား/ ကျောင်းသူ ၁၈၈ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၆၀၆ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)