နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်စားပြု Golf အသင်း၊ အမျိုးသား အသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုဖလားများ အပ်နှံသည့် အခမ်းအနားတက်ရောက်

နေပြည်တော် မတ် ၁၀

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆွတ်ခူးရရှိခဲ့သည့်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်စားပြု Golf အသင်း၊ အမျိုးသားအသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီး အသင်းလိုက် တံခွန်စိုက်ဆုဖလားအပ်နှံသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်စားပြု ဆုတံဆိပ်များ အသီးသီးဆွတ်ခူးပေး နိုင်ခဲ့သည့်အတွက် နေပြည်တော်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အုပ်ချုပ်သူနှင့် အားကစားသမားများအားလုံးကို နေပြည်တော်ကောင်စီမှ အထူးပင် ဝမ်းမြောက် ဂုဏ်ယူ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ဂေါက်သီးရိုက် အားကစားဟာ စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တိုးတက်ပြီး လူမှုဆက်ဆံရေးနယ်ပယ် (မိတ္တဗလ) ပိုမိုကျယ်ပြန့်စေသည်ကိုလည်း တွေ့ရမှာ ဖြစ်ပါကြောင်း၊ ယခု ရရှိလာသည့် ရလဒ်များကို ထိန်းသိမ်းပြီး ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားကစား စိတ်ဓာတ်အပြည့်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကြစေလိုကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကိုယ်စားပြု Golf အသင်း၏ အုပ်ချုပ်သူ၊ နေပြည်တော် အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက Golf အသင်းမှ ကစားသမားများကို တစ်ဦးချင်းမိတ်ဆက်ပေးပြီး ပြိုင်ပွဲပါဝင် ယှဉ်ပြိုင်ခဲ့မှု အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်ထံ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်စားပြု Golf အသင်းက အမျိုးသားအသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီး အသင်းလိုက် တံခွန်စိုက် ဆုဖလားအပ်နှံသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်စားပြု Golf အသင်း၊ အမျိုးသားအသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုဖလား ရရှိခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်စားပြုအသင်းက အမျိုးသမီး အကျောမဲ့အသင်းလိုက်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆု၊ အမျိုးသမီး တစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆု၊ အမျိုးသမီးတစ်ဦးချင်း အကျောပေးပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆု၊ အမျိုးသားအကျောမဲ့အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယ ငွေတံဆိပ်ဆု၊ အမျိုးသားတစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုနှင့် တတိယကြေးတံဆိပ်ဆုများ ရရှိခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)