ရမ်းဗြဲ မတ် ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ခြင်းကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့က ရမ်းဗြဲမြို့၊ အမှတ်(၃) ရပ်ကွက်သို့ သွားရောက်ပြီး အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ဆောင်ရွက်ပေးကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှဒုလဝကမှူး ဦစိုးစံထွန်းနှင့်ဝန်ထမ်း ၅ ဦးတို့မှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့၊ အမှတ် (၃) ရပ်ကွက် အတွင်းနေထိုင်ကြသည့် ပြည်သူများအား ပြောင်းရွှေ့၊ ခွဲထွက်လိုသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း မပြုလုပ်ရသေးသောသူများကို အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအား မိတ္တူပြုလုပ် ဆောင်ရွက်ပေးခြင်းများနှင့် ဖွားသေစာရင်းများအတွက် ပယ်ဖျက်ခြင်း၊ ရေးသွင်းခြင်းများ ဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)