မောက်မယ် မတ် ၁၀
ဗုဒ္ဓမြတ်စွာသာသနာတော် တည်တံ့ပြန့်ပွားစေခြင်းအကျိုးငှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှမ်းပြည်နယ်လုံးဆိုင်ရာ(မူလ)မင်းကွန်းဇေတဝန်သာသနာ့မာန်အောင် ကမ္မဌာန်းတိုက်များမှ ကမ္မဌာနာ စရိယ တရားပြဆရာအဖွဲ့နှင့်ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့များ၏ (၃၅)နှစ်ပြည့် ကျောက်စိမ်းရတု အထိမ်းအမှတ်အဖြစ် (၅၆)ကြိမ်မြောက် မဟာသတိပဌာန် ဓမ္မသဘင် ညီလာခံနှစ်ပတ်လည် အစည်းအဝေးပွဲတော်ကြီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကမ္မဌာန်းတိုက်ဓမ္မာရုံတွင် ယနေ့နံနက် ၈ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များ၊ ဖိတ်ကြားထားသောမြို့နယ်အလိုက် ပဋိပတ္တိကိုယ်စားလှယ်တော်များနှင့်ဓမ္မမိတ်ဆွေများမှ နမောတဿ(၃)ကြိမ်ရွတ်ဆိုပူဇော်၍ (၅၆)ကြိမ်မြောက် မဟာသတိပဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးပွဲတော်ကြီးကို ဖွင့်လှစ်ကာ ညီလာခံဥက္ကဋ္ဌ ဆရာတော်ဘုရားထံတွင် ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး ရှမ်းပြည်နယ် သံဃနာယကဥက္ကဌဆရာတော်ဘုရားနှင့် မောက်မယ်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘုရားထံမှ သြဝါဒမြွက်ကြားတော်မူကြသည်။ ဆက်လက်ပြီး တရားပြဆရာများအဖွဲ့(သြဝါဒါစရိယ)ဆရာတော် ဘုရားများ၏ သြဝါဒကိုခံယူကာ မြို့နယ်အသီးသီးမှ ကမ္မဌာနာစရိယ တရားပြဆရာများအဖွဲ့နှင့် ကမ္မဌာန်းတိုက်အသီးသီးမှ တိုက် အလိုက် တာဝန်ကျတရားပြဆရာများ နှစ်ပတ်လည်အစီရင်ခံစာနှင့် ပဋိပတ္တိသာသနာနုဂ္ဂဟ အဖွဲ့များမှ သာသနာတိုးတက်ရာတိုးတက်ကြောင်း လျောက်ထားတင်သွင်းပြီး ညီလာခံဥက္ကဋ္ဌ ဆရာတော်ဘုရားထံမှ နိဂုံးချုပ်သြဝါဒမြွက်ကြားပြီး ညီလာခံသို့ကြွရောက်လာကြကုန်သော ဆရာတော်သံဃာတော်များနှင့် ဓမ္မမိတ်ဆွေများမှ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို ပူဇော်ပြီး အခမ်းအနားရုတ်သိမ်းခဲ့သည်။ ဤ(၃၅)နှစ်ပြည့်ကျောက်စိမ်းရတု ဓမ္မသဘင်ညီလာခံနှစ်ပတ်လည်အစည်းအဝေးပွဲတော်ကြီးအတွင်း ညတရားပွဲများကို ယမန်နေ့ညနေပိုင်းကစပြီး မတ်လ ၁၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)