မလှိုင် မတ် ၁ဝ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေကာလတွင် နွားစာအခက်အခဲမရှိစေရန် နေကြာရိုးများ ကို ပြောင်းရိုးများဖြင့် ရောနှောစဉ်းပြီး နွားစာအဖြစ် သိမ်းဆည်းသိုလှောင်ခြင်းများကို ဆောင်ရွက်လာကြကြောင်း ဒေသခံ တောင်သူဦးစန်းလွင်ထံမှသိရသည်။
“ကျနော်တို့ ယခင်ကတော့ မိုးလေဝသကလည်းမှန်တော့ နွားစာအခက်အခဲမရှိတဲ့အတွက် နေကြာအစေ့ကိုသာ ထုတ်ယူပြီး အရိုးများကို ယာခင်းထဲ မီးရှို့တာ၊ ဒါမှမဟုတ်လို့ရှိရင် မြေဩဇာအဖြစ် နောက်ချေး(နွားချေး) ကျင်းထဲ စွန့်ပစ်ကြတာများပါတယ်၊ ဒီဖက်ကာလကြတော့ မိုးရွာသွန်းမှု နည်းလာသည့်အတွက် နွားစာအခက်အခဲရှိလာတော့ ပြောင်းရိုးများနှင့်ရောနှောစဉ်းပြီး အခုလို စုဆောင်းသိမ်း ဆည်းကြရတာပါဟု တောင်သူဦးစန်းလွင်က ရှင်းပြသည်။
နွားစာရှားပါးသည့် အချိန်တွင် ပြောင်းရိုးတစ်တင်းကို ၆ဝဝ/၇ဝဝ ကျပ် ပေးဝယ်ကျွေးရသည့်အတွက် တောင်သူများ နွားစာဝယ် ကျွေးရလျှင် အဆင်မပြေသဖြင့် မိုးမကျမီ နွေကာလတွင် နွားစာအခက်အခဲ မရှိစေရန် တောင်သူများအနေဖြင့် နေကြာရိုးများကို စဉ်းပြီး နွားစာအဖြစ် သိမ်းဆည်းသိုလှောင်ကြ ခြင်းဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံဖြစ်သည့် နေကြာကို စာသုံးဆီအတွက် သာမက နေကြာရိုးက နွားစာအတွက်ပါ အထောက်အကူဖြစ်စေသည့်အတွက် တောင်သူများအနေနှင့် ဆီထွက်သီးနှံနေကြာကို ယခင်ကထက် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)