ပေါင် မတ် ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ ယနေ့ နံနက်ပိုင်းက ပေါင်မြို့ မင်္ဂလာစျေး၌ စျေးရောင်းဝယ်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ Mobile Swab ဖြင့် အခမဲ့ကွင်းဆင်း စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်း စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးပရဟိတ အဖွဲ့ဝင်များတို့မှ ပူးပေါင်းပါဝင် ကူညီပေးခဲ့ကြသည်။
မြို့မစျေးတွင် စျေးရောင်းချနေသော စျေးသူစျေးသားများနှင့် စျေးရောင်းစျေးဝယ်ရောက်လာကြသော ပြည်သူများ စုစုပေါင်း(၆၁)ဦးတို့ကို အာခေါင်နှာခေါင်းတို့ပတ် ရယူစစ်ဆေးပေးခဲ့ရာ(၃)ဦး ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယခု ကွင်းဆင်းစစ်ဆေးရာတွင် ပိုးတွေ့ရှိသူများထဲမှ ကျန်းမာရေး ကောင်းမွန်သူများနှင့် ၎င်းတို့ မိသားစုဝင်များကို နေအိမ်တွင်(၁၀)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားမည်ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှုမရှိတဲ့ အရေးကြီးလူနာများကို Isolation Ward-1 ၌ ဆေးကုသမှုခံယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ပေါင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီမှ မြို့နယ်အတွင်းရှိ စျေးများ၊ လူအသွားအလာများသည့် နေရာများနှင့် ရောဂါပိုးကူးစက်မှုနှုန်းများသည့် နေရာများတွင် စုရပ်အသီးအသီး သတ်မှတ်ကာ အလှည့်ကျကွင်းဆင်း စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ စတုတ္ထလှိုင်းစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့မှ မတ်(၈)ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ (၂၉၃)ဦးရှိပြီး သေဆုံးသူ (၁၄) ဦးရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးခြင်း လုပ်ငန်းကို မြို့နယ်ပြန်ဆက် ဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ရပ်ကွက်ကျေးရွာများ၌ လိုက်လံနှိုးဆော် လျက်ရှိကြောင်း သိရသည်။
တင်ဇာစိုး(ပြန်/ဆက်)