ရန်ကုန် မတ် ၁၀
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်းကိုင်ဆောင်နိုင်သည့် ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဦးရေစာရင်းများကို လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၀)ရပ်ကွက်ဓမ္မာရုံ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၇) ရပ်ကွက်သို့ ဒုတိယ အကြိမ်အလှည့်ကျ ရပ်ကွက်တစ်ခုလျှင် (၃)ရက်ကြာကွင်းဆင်း ဆောင်ရွက် ပေးရာ အမှတ်(၅၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၀)ဦး၊ အသက်(၁၈)နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃)ဦး၊ မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးအသစ်လဲလှယ်သူ(၂၃)ဦး၊ အိမ်ထောင်စုစာရင်း အသစ်ပြုလုပ်သူ (၃)ခုတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်း၍ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ထိ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီးကိုင်ဆောင် လက်မှတ် မရှိသူများ၊ လက်ရှိ ဇာတိတွင် အမြဲနေ ထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်း နေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)