သာစည် မတ်လ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်ဆေးထိုးစုရပ်များ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် အဋ္ဌမအသုတ် ပထမအကြိမ်အဖြစ် covidshied ကာကွယ်ဆေး အမျိုးအစားများကို မြို့နယ်ပြည်သူ့ဆေးရုံ၊ အမှတ် (၄)ထိန်ကန်ရပ်ကွက်၊ သမင်ဇာကုန်းကျေးရွာ၊ ညောင်ရမ်းဈေးကျေးရွာ၊ ဟင်းခွက်အိုင်ကျေးရွာ ဆေးထိုးစုရပ်များရှိ ပြည်သူ ၂၅၃ ဦး ၊ ထပ်ဆောင်း ကာကွယ် ဆေးအဖြစ် Covaxin ကာကွယ်ဆေးအမျိုးအစားများကို ပြည်သူ ၁၃၀ ဦးတို့အား ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ် တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးရန်ကျန်ရှိနေသည့် ပြည်သူများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)