ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ၁နာရီက ခရိုင်ပြည် သူ့စာကြည့်တိုက် လူထုအခြေပြုဗဟို ဌာနတွင် ပုံပြော၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ ပညာရဲရင့်ပွဲလယ် တင့်ဆိုသည့်အတိုင်း စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေး အမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သည့် လူငယ်များပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုလေ့လာကြရန်အတွက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်ဖွင့်ချိန်များတွင် အခမဲ့လာရောက် ဖတ်ရှုလေ့လာနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြင် ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကျင်းပခဲ့ရာ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများက ဆုများချီးမြှင့် ခဲ့ကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)