ရမည်းသင်း မတ် ၁၀
ရမည်းသင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် လေပြင်းဒဏ်ခံနိုင်ရည် မရှိသော လူနေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို မြို့နယ်အတွင်း မတ် ၅ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျေးရွာအုပ်စု(၃၈) အုပ်စုသို့ မြေပြင်ကွင်းဆင်းထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် လေပြင်းဒဏ်ခံနိုင်ရည် လျော့နည်းနေသောလူနေအိမ်များမှာ လေပြင်းအန္တရာယ် ကျရောက်လာပါက ထိခိုက်ပျက်စီးမှု လျော့ပါးသက်သာစေရန်အတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်နေခြင်းဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စွာထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သဘာဝဘေး ထောက်ပံ့ကူညီရေးအသင်း (မန္တလေး) အသင်းသားများ ပူးပေါင်း၍ ဒေသခံပရဟိတ အဖွဲ့များဖြင့် နယ်မြေခွဲကာ မြေပြင်ကွင်းဆင်းထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
ရမည်းသင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၃၈) အုပ်စုတွင် လေပြင်းဒဏ်ခံနိုင်ရည်မရှိသော လူနေအိမ် (၁၈၁၆) လုံးရှိပြီး လေပြင်းအန္တရာယ်ကျရောက်လာပါက ထိခိုက်ပျက်စီးမှုလျော့ပါးသက်သာစေရန် အားဖြည့်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)