မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ အရပ်ရပ်ဆိုင်ရာ လိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များ လေလံစနစ်ဖြင့် ရောင်းချ

မိုးနဲ မတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ‌ရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ လိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် ဦးငိုဘွယ် တို့က စည်ပင်သာယာရေးဌာန၏ အရပ်ရပ်ဆိုင်ရာ လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင် လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး မိုးနဲမြို့နယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက အရပ်ရပ်ဆိုင်ရာ လိုင်စင်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျိုင်းတောင် စည်ပင်သာယာရေးဌာနမှ တာဝန်ခံ ဦးသီဟအောင်က သားသတ် လုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မိုးနဲမြို့နယ်အတွက် ပျံကျဈေးကောက်၊ မြို့ဝင်ဘီးကောက်၊ ကျွဲ/နွားပွဲ ဈေးကောက်၊ မြို့မဈေး စက်ဘီး/ဆိုင်ကယ်ရပ်နားခ၊ မြို့မဝက်ခုံ (၁)၊ မြို့မဝက်ခုံ (၂)၊ မြို့မအမဲ၊ နားခံကျေး/လက်ဝက်ခုံ နှင့်နားခံကျေး/ လက်အမဲခုံ တို့ကိုလည်းကောင်း၊ ကျိုင်းတောင်းမြို့အတွက် မြို့မဝက်ခုံ(၁)၊ မြို့မဝက်ခုံ (၂) နှင့် မြို့မအမဲခုံ တို့ကို လည်းကောင်း၊ လုပ်ငန်း (၁၃)မျိုးကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ လိုင်စင်အလိုက် လျှောက်ထားသူ တစ်ဦးချင်းအား သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသော လုပ်ငန်း (၁၂) မျိုးကို စိစစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးညွန်ရွှေ