ကျောက်ဖြူမြို့တွင် ပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအား သိရှိ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးပိုစတာများစိုက်ထူပြီး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဖြူ    မတ်  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်း များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ()နာရီက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာ များဖြစ်သည့် လမ်းဆုံ၊လမ်းခွများသို့သွားရောက်၍ အသိပညာပေး ဗီနိုင်း ပိုစတာများစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပိုစတာများ စိုက်ထူဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုရာတွင် သိရှိလိုက်နာရမည့် အချက်များဖြစ်သော ပြင်ပအလင်းရောင်ကို အသုံးချပါ၊ အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ။ တစ်အိမ်လုံးတွင် မည်သူမှမရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှုအားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာသုံးစွဲပါ၊ နားထောင်သူ မရှိလည်း အခွေဖွင့်စက်သုံး၍ တီဗွီဖြင့်သီချင်းခွေများ အချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ။ အမှန်တကယ် ကြည့်မည့်အချိန်၌သာ တီဗီကိုကြည့်ပါ၊ ကြည့်သူမရှိဘဲ အချီန်ပြည့်ဖွင့်ထားခြင်းကို ရှောင်ကြဉ်ပါ။ ညအချိန် အိပ်နေချိန်တွင် လျှပ်စစ်မီးများပိတ်ထားခြင်းဖြင့် လျှပ်စစ်ကိုနေ့စဉ်ချွေတာသင့်ပါသည်။ လေအေးပေးစက်၏ လေစစ်စကာနှင့် ဓာတ်ငွေ့တို့ကို ပုံမှန် စစ်ဆေးထိန်းသိမ်းခြင်းဖြင့် အအေးဓာတ်အပြည့်ရအောင်ဆောင်ရွက်ပါ။ လူရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ပန်ကာများကိုဆက်တိုက်ဖွင့်ထားခြင်းက မီတာခပိုကျစေပါ၍ အသုံး လိုမှဖွင့်ပါ။ မီးပူတိုက်နေစဉ် တစ်ခုခုလုပ်ရန် ခေတ္တထသွားပါက၊ မီးပူခလုပ်ကိုပိတ်ခဲ့ခြင်း၊ ရိုးရိုးမီးလုံး၊ မီး ချောင်းထက် Energy Saving Lamp ကိုရွေးချယ်အသုံးပြုရန် စသောလျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ ပါရှိသည့် အသိပညာပေး ဗီနိုင်ပိုစတာများကို ကျောက်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှဦးစီး၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက လမ်းဆုံလမ်းခွနေရာများ၌ စိုက်ထူခဲ့ကြသည်။ ယင်းနောက် အဆိုပါဝန်ထမ်းများသည် လူစည်ကားရာ နေရာများသို့သွားရောက်၍ အသိပညာပေး လက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)