သထုံ မတ် ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေ ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်း တို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို မတ်လ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်က အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က စာဖတ်ဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် လူထုအခြေပြု ဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်နေမှု အခြေအနေ တို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ နာယက ဦးစံလှဘော်၊ မြို့နယ်စာရေးဆရာများ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က စာရေးဆရာ အောင်သင်း ရေးသားသည့် "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်ကို အခန်းအလိုက် ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန် သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များ၊ မြို့နယ် စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)