တတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်း ဆောင်ရွက်

မိုးမောက် မတ် ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပိုမို လွှမ်းခြုံနိုင်ရန်အတွက် ကိုဗစ်−၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်း ကိုဗစ်−၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို  ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုးမောက်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစံလင်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးစန်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်းတင် ရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံထုတ် (Covaxin) ဖြစ်ပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ၆ လ ပြည့်ပြီးသူများကို ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် အသက် (၆၅)နှစ် နှင့်အထက် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းနှင့် ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသေးသော ပြည်သူများကိုလည်း ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)