ဥတ္တရသီရိ မတ် ၉
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ညိုအုပ်စု၊ မင်းနောင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မင်းနောင်ကျေးရွာ၏ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရေး ကော်မတီ ဝင်များမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၀၄)ဦးအတွက် ငွေကျပ် (၁၉၆)သိန်း၊ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ (၅၅)ဦးအတွက် ငွေကျပ်(၂၂၅)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၂) ဦးအတွက် ငွေကျပ် (၅)သိန်း ၊ စုစုပေါင်းလုပ်ငန်းလုပ်ကိုင်သူ (၁၆၁) ဦးအတွက် ငွေကျပ်(၄၂၆)သိန်းကို ကိုဗစ်(၁၉)လမ်းညွှန် မှာကြားချက်များနှင့်အညီ ထုတ်ချေးပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးသည့် ကျေးရွာစုစုပေါင်း ၁၈ ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အောင်ကို(ပြန်/ဆက်)