ဂွ မတ် ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပြည်သူအားလုံး ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် ပြည်သူလူထု၏ အသက် ဆုံးရှုံးမှုနှင့် ရောဂါလက္ခဏာ ပြင်းထန်းစွာ ခံစားရမှု အနည်းဆုံးဖြစ်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းသည် အကောင်းဆုံး အကာအကွယ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများကို ၉-၃-၂၀၂၂ ရက်နေ့မှ ၁၁-၃-၂၀၂၂ ရက်နေ့အထိ ပထမအကြိမ်အဖြစ် ဂွစုရပ်( မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ)၊ ဆပ်သွားစုရပ် (ဆပ်သွားကျေးလက်ကျန်းမာရေးဌာန)၊ ကျိန္တလီစုရပ် (ကျိန္တလီ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ)တို့တွင် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီခွဲမှ မွန်းလွဲ ၃ နာရီခွဲအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပြည်သူအားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှု အပြည့်အဝ ရရှိစေရန် ထိုးနှံပေးလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် မပျက်မကွက် လာရောက် ထိုးနှံကြပါရန် စသည့်အချက်များအား အသိပညာပေးခြင်းများကို နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်